ဒီလိုနဲ့
တစ်ရက်ပြီးတစ်ရက် ကွာကျခဲ့တဲ့ ပြက္ခဒိန်တွေနဲ့
တစ်လိပ်ပြီးတစ်လိပ်
ခွါချခဲ့တဲ့ အတွေးတွေဟာ
အတူတူ
စီးမျောနေလေရဲ့။
ဘ၀ဆိုတဲ့
ကာလ တစ်ခုရဲ့ အောက်မှာ
ဆည်းဆာပေါင်းများစွာ
ကျော်ဖြတ်ခဲ့ရ။
ဘ၀ဆိုတဲ့
ကာလ တစ်ခုရဲ့ အောက်မှာ
ပျိုမျစ်ခြင်းတွေကို
ချိုမြိန်စွာ စားသုံးခဲ့ရ။
တစ်ခါတစ်ရံ
မီးခဲမှန်းမသိ အချစ်မှန်းမသိ
အလှမှန်းမသိ
မရဏမှန်းမသိ
မသိခြင်းတွေနဲ့
ကျော်ဖြတ်ခဲ့ရ။
တစ်ခါတစ်ရံ
ရန်သူဖြစ်တဲ့ တရားတွေနဲ့ ရည်မွန်စွာနေထိုင်ပြီး
မိတ်ဆွေဖြစ်တဲ့
တရားတွေနဲ့ ခါးခါးသီးသီး နေထိုင်ခဲ့ရ။
တစ်ခါတစ်ရံ
အချစ်ထဲမှာ မီးရှိခြင်း
မီးထဲမှာ
အချစ်မရှိခြင်း ဒဿနတရားကို သွေဖီပြီး
မီးတိုးတဲ့
ပိုးဖလံဖြစ်ခဲ့ရ။
လွဲမှားစွာပဲ
သေချာနေတဲ့တရားကို မသေချာချင်ယောင်ဆောင်ပြီး
မသေချာတဲ့တရားတွေကိုတော့
သေချာနေချင်ပြန်ရ။
လွဲမှားစွာပဲ
နီးသင့်တဲ့တရားတွေနဲ့ ဝေးကွာပြီး
ဝေးသင့်တဲ့တရားတွေနဲ့
နီးပြန်ခဲ့ရ။
တကယ်တော့
အချစ်ဆိုတာ အာရုံတွေနဲ့ တည်ဆောက်ထားပြီး
ဘ၀ဆိုတာ
ယုံကြည်ချက်နဲ့ တည်ဆောက်ထားတာပါ။
ဒီလိုနဲ့
တစ်ရက်ပြီးတစ်ရက် ကွာကျခဲ့တဲ့ ပြက္ခဒိန်တွေနဲ့
တစ်လိပ်ပြီးတစ်လိပ်
ခွါချခဲ့တဲ့ အတွေးတွေဟာ
အတူတူ
စီးမျောနေလေရဲ့။
No comments:
Post a Comment