မဂ္ဂင်
၈ ပါးကို အုပ်စု ၃ မျိုးခွဲပြီး သီလမဂ္ဂင်၊ သမာဓိမဂ္ဂင်၊ ပညာမဂ္ဂင်ဆိုပြီး
ပြောဆိုသုံးနှုံးကြပါသည်။ သိက္ခါ ၃ ပါး ဟုလည်း ခေါ်ပါသည်။ သီလမဂ္ဂင် ၃ ပါး ၊
သမာဓိမဂ္ဂင် ၃ ပါး၊ ပညာမဂ္ဂင်က ၂ ပါးစီ ရှိကြပါသည်။ ၄င်း ၈ ပါးပြည့်စုံလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုပါသည်။ အပြန်အလှန်အားဖြင့်ဆိုရသော် နိဗ္ဗာန်ကို မျက်မှောက်ပြုမှ ဤ ၈ ပါးစုံပါသည်ဟု မိုးကုတ်ဆရာတော်ကြီးက မိန့်ပါသည်။
တရားစ ရှုမှတ်လျှင် မဂ္ဂင် ၅ ပါး မိမိသန္တာန်မှာ ရှိလာအောင် အားထုတ်ရပါသည်။
ထိုမဂ္ဂင် ၅ ပါးမှာ သမာဓိ မဂ္ဂင် ၃ ပါး နဲ့ ပညာမဂ္ဂင် ၂ ပါး ဖြစ်ပါသည်။ သမာဓိ
မဂ္ဂင် ၃ ပါးမှာ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိ တို့ဖြစ်ပြီး ပညာမဂ္ဂင် ၂ ပါး
သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ တို့ ဖြစ်ပါသည်။ ၀ိပဿနာအားထုတ်မှုသည် သွားရင်းလာရင်း
ဈေးရောင်းရင်း အာထုတ်နိုင်သည်ဟု သိထားကြသည့်အတွက် သမာဓိထူထောင်စရာ
မလိုပါဟု ထင်တတ်ကြပါသည်။ အမှန်မှာ သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှ ကိန်းမှ
ပညာမဂ္ဂင် ၂ ပါးတို့ ဖြစ်လာနိုင်ပါသည်။
အားထုတ်နည်း
လမ်းကြောင်း ၂ ကြောင်းရှိပါသည်။ သမာထ၀ိပဿနာယာနိက နှင့် သုဒ္ဓ၀ိပဿနာ ယာနိက
တို့ဖြစ်ပါသည်။ မည်သည့်လမ်းဖြင့် သွားသွား သမာဓိမဂ္ဂင် ရှုဉာဏ်မှာ
မကိန်းသရွှေ့ ပညာမဂ္ဂင် မလာနိုင်ပါ။ ပညာမဂ္ဂင်မှာလည်း
လောကီမဂ္ဂင်(၀ိပဿနာမဂ်)နှင့် လောကုတ္တရာမဂ္ဂင်(အရိယမဂ်) ၂ မျိုးရှိသည့်အနက်
လောကီမဂ္ဂင် ဦးစွာဖြစ်ရပါသည်။ ဉာဏ်အားပြည့်မှ လောကုတ္တရာမဂ္ဂင် လိုက်ပါသည်။
မိုးကုတ်ဆရာတော်ကြီးက မဂ္ဂင် ၅ ပါးနဲ့ ရှုလို့ မကြာခဏမိန့်တာ နာကြားဖူးကြမည်
ဖြစ်ပါသည်။ ဆရာတော်ကြီးက ၀ိပဿနာမဂ်ပေါ်သည့်အခိုက်ကို ပြောသည်ဟု နားလည်ပါသည်။
တကယ်တမ်း
တရားစရှုမှတ်သူတွေအဖို့ ရုပ်ဆိုလျှင် ရုပ်တုံးအခဲ(သဏ္ဍနပညတ်) မြင်နေသေးသရွှေ့
နာမ်ဆိုလျှင်လည်း နာမ်စဉ် အမျှဉ်တန်းနေသရွှေ့ ဖြစ်ပျက်ရှုလျှင် အတွေးအမြင်
မမှန်နိုင်သေးပါ။ သမ္မာဒိဌိ သမ္မာသင်္ကပ္ပ မဖြစ်သေးပါ။ ဘာကြောင့်
ယင်းသို့ဖြစ်ရသလဲဆိုလျှင် သမာဓိမဂ္ဂင် ၃ ပါး ရှုဉာဏ်မှာ မကိန်းသေးလို့ဟု
ဖြေရမည် ဖြစ်ပါသည်။ မှန်ကန်တဲ့ သတိ၊ မှန်ကန်တဲ့ အားထုတ်မှု၊ မှန်ကန်တဲ့
တည်ကြည်မှု မရှိခြင်းကြောင့် ဖြစ်ပါသည်။ မည်သည့်အချိန်မှာမှ မှန်ကန်တဲ့
တည်ကြည်မှုဖြစ်မည်လဲ။
သမထဘာဝနာဆိုလျှင်
ဥပစာရသမာဓိ(ပထမဈာန်အနီးအနား) အပ္ပနာသမာဓိ(ပထမဈာန်) ရလို့
တစ်ခုတည်းသောအာရုံမှာ စိတ်ကတည်နေစဉ် စိတ်မှာ ပီတိ သုခ တွေပေါ်နေလျှင်
သမာဓိမဂ္ဂင် ၃ ပါး ပြည့်စုံနေပြီ။ ထိုအချိန်မှာ ရှုနေဆဲ ကမ္မဋ္ဌာန်းအာရုံကို
ဖြစ်စေ ခံစားနေရသော ပီတိကိုဖြစ်စေ အေးချမ်းနေတဲ့ ပဿဒ္ဓိကိုဖြစ်စေ၊
ချမ်းသာသုခကိုဖြစ်စေ ဉာဏ်ဖြင့်ပိုင်းခြားလိုက်ပါက ရှုလိုက်သည်နှင့် မရှိတော့ဟူသော ထိပျောက်၊ သိပျောက် သဘောတွေ့ပြီဆိုလျှင် ပညာမဂ္ဂင်ပေါ်ပါပြီ ။ ၀ိပဿနာမဂ် ပေါ်ပြီး မဂ္ဂင် ၅ ပါးစုံပါသည်။
ဝိပဿနာဘာဝနာဆိုလျှင်
ရုပ်ကိုရှုနေသူသည် အာရုံမှာ ယောက်ျာပဲ မိန်းမပဲ အကောင်အထည်ပေါ်နေသေးလျှင်၊
စိတ်ကိုရှုသူသည် မြင်၊ ကြား၊ နံ၊ တွေးလိုက်သည်နှင့် အာရုံ၌
အမည်ပညတ်ပေါ်နေသေးရင် ( ဥပမာ အသံကြားသည်။ ယောက်ျားသံ၊ မိန်းမသံလို့
ခွဲလို့ရနေသေးလျှင်)၊ ဝေဒနာကို ရှုသူသည် နာတာကျင်တာ၊ ၀မ်းသာဝမ်နည်းစသည့်
ခံစားမှုသဘောများ သိနေသေးရင် သမာဓိမဂ္ဂင် ၃ ပါး မစုံသေးပါ။ ယင်းသို့
ရှုနေရင်းက ခဏိကသမာဓိဟုခေါ်သော ရှုလိုက်တိုင်း ရှုလိုက်တိုင်း ခဏငယ်အခိုက်
သမာဓိမဂ္ဂင် ပြည့်စုံလာပြီဆိုပါက ပူတာလေးသိလိုက်
ပျောက်သွားလိုက်။ အေးတာလေးသိလိုက် ပျောက်သွားလိုက်။ ရိပ်ကနဲ
တွန်းကန်တာလှုပ်ရှားတာလေး သိလိုက် ပျောက်သွားလိုက်။ ပူတာသည် လက်လား ခြေလား
မသိလိုက်၊ လက်ခြေဆိုသော အထည်ပညတ်မပေါ်။ ရိပ်ကနဲ ရိပ်ကနဲလှုပ်တာလေး
သိလိုက်သော်လည်း မည်သည့်အရာ မည်သည့်နေရာဟု ခွဲခြားပြလို့မရ။ အမည်တပ်လို့
မရတော့လျှင် ဖြစ်ပျက်ကိုပိုင်းခြားသိသော ပညာမဂ္ဂင်ပေါ်ပါပြီ။ ၀ိပဿနာ
မဂ်ဖြစ်ပြီ။ မဂ္ဂင် ၅ ပါးစုံပါသည်။
ဧကောဓမ္မောဆိုသည့်အတိုင်း
အရှုခံသည် ခန္ဓာ ၅ ပါးလုံးမဟုတ်၊ တစ်ခုတည်းသော ဓမ္မ ကို သာ
ရှုဉာဏ်မှာပေါ်နေပြီ။ ထိုအခိုက်မှာ ရှုဉာဏ်က မရှုပ်ထွေး၊ ရှင်းလင်းနေ၏၊ အရှုခံက
မကြမ်းတမ်၊ သိမ်မွေ့နေ၏။ တစ်ခုပြီးမှ တစ်ခု ဖြတ်ကနဲ ပေါ် ဖြတ်ကနဲပျောက်၊
အာရုံနှင့်ဒွါရ ထိလိုက်သည်နှင့်ပျောက် သိလိုက်သည်နှင့်ပျောက်၊ မမြဲ(အနိစ္စ)၊
ထပ်ခါတလဲလဲ ပေါ်ပြီးတိုင်းချက်ချင်းပျောက်။ ဖောက်ပြန်တဲ့သဘော (ဒုက္ခ)။
မည်သည့်နေရာကပေါ်လာမှန်းမသိလို မည်သည့်နေရာသို့ ပျောက်သွား မှန်းမသိ။
အကောင်အထည်မရှိ။ အစိုးမရ(အနတ္တ)။ အကောင်အထည် မမြင်ရသဖြင့် လိုချင်မှု
မလိုချင်မှု မဖြစ် (တဏှာခမ်းခြောက်)။ ပျက်သွားပျောက်သွားပြီးတိုင်း
တဒင်္ဂချုပ်ငြိမ်းမှု တဒင်္ဂနိဗ္ဗာန်တွေကို ရှုဉာဏ်က သိလာသည်။ တွေ့ဖန်များသော်
ဉာဏ်ရင့်လာပြီး နိဗ္ဗာန်အစစ်နဲ့ ဉာဏ်နှင့်တည့် သွားသည်ဟု မိုးကုတ်ဆရာတော်ကြီးက မိန့်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ တရားချစ်ခင် သူတော်စင်များ ကြိုက်ရာလမ်းကိုရွှေးပါ။ မဂ္ဂင် ၅ ပါးစုံလျှင် နိဗ္ဗာန် တံခါးပေါက်ရောက်ပါပြီ။
ဓမ္မလင်းရောင်ခြည်
်
No comments:
Post a Comment